နှာခေါင်းပိုက် တပ်ထားရတဲ့ သူတွေကို ဆေး ဘယ်လိုတိုက်မလဲ
တခါတရံမှာ ရောဂါအခြေအနေအရ အစာမျိုချရခက်သူတွေ၊ ပုံမှန်လူတစ်ယောက်လို အစာအာဟာရ အပြည့်အဝ မရနိုင်သူတွေ၊ နာတာရှည် လူနာတွေမှာ နှာခေါင်းပိုက်နဲ့ အစာသွင်းရတာ ရှိပါတယ်။ ဒီလို လူနာတွေမှာ ဆေးတိုက်ဖို့ လိုအပ်လာတဲ့အခါ သတိထားရမယ့် အချက်တွေကို မျှဝေပေးချင်ပါတယ်။
တခါတရံမှာ နှာခေါင်းပိုက် တပ်ထားရပေမယ့် ပါးစပ်ကနေ အနည်းငယ်သော ပမာဏ အစာစားနိုင်သူတွေအနေနဲ့ ဆေးတွေကို ကြိတ်ချေ ၊ အမှုန့်ထောင်းပြီး ပါးစပ်ကနေပဲ တိုက်လို့ ရတာ ရှိပါတယ်။ ဒါပေမယ့် ဆေးတိုင်းဟာ ကြိတ်ချေဖို့ မသင့်တော်တာ ရှိပါတယ်။
ဥပမာ modified release ဆေးဝါးတွေဖြစ်တဲ့ ဆေးနာမည်မှာ (CR, SR, XL, MR) ပါဝင်တဲ့ ဆေးတွေဟာ ချိုး၊ ကြိတ်ချေ ဖို့ မသင့်တော်သလို အစာအိမ်မထိခိုက်အောင် ပြုပြင် ထုတ်လုပ်ထားတဲ့ enteric coated နဲ့ တခြား coated ပါတဲ့ ဆေးဝါးတွေဟာ ချိုးပြီး ကြိတ်ချေဖို့ မသင့်တော်တာကြောင့် ဆရာဝန်၊ ဆေးဝါး ပညာရှင်ကို သေချာ မေးမြန်းသင့်ပါတယ်။ အကောင်းဆုံးကတော့ အရည် ပုံစံ အနေနဲ့ လာတဲ့ ဆေးဝါးတွေဟာ အလွယ်တကူ သောက်သုံးဖို့ အဆင်ပြေဆုံး ဖြစ်ပါတယ်။
ပါးစပ်ကနေ လုံးဝ မထည့်နိုင်သူတွေမှာတော့ ဆေးအရည်၊ ဒါမှမဟုတ် ဆေးခဲ၊ အလုံးကို အမှုန့်အနေအထား အတိုင်း ပြုလုပ်ပြီး ရေ၊ အစာနဲ့ ရောပြီး ထည့်တိုက်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆေး၊ အစာ မထည့်ခင်မှာ နှာခေါင်းပိုက်ကို ရေနဲ့ သေချာ ဆေးဖို့ လိုသလို၊ နှာခေါင်းပိုက် ပိတ်ဆို့ခြင်း ၊ ရှိမရှိ ကိုလည်း အထူး စစ်ဆေးဖို့ လိုပါတယ်။ ဆေးတွေကို ထည့်ပြီး နောက်မှာလည်း ဆေးအမှုန့်တွေ၊ ဆေးမှာ ပါဝင်တဲ့ အဆီတွေနဲ့ နှာခေါင်းပိုက် ပိတ်ဆို့ခြင်း ရှိမရှိကို အမြဲ ပုံမှန် စစ်ဆေးသင့်ပါတယ်။
တချို့သော ဆေးတွေဟာ ဆေးအချင်းချင်း ဓါတ်ပြုနိုင်တာ ရှိနိုင်သလို အစာနဲ့ အတူ တွဲမသောက်ရတဲ့ ဆေးတွေလည်း ရှိနိုင်တာကြောင့် ဆေးတွေကို နှာခေါင်းပိုက်ကနေ မထည့်ခင်မှာ ဆေးအညွှန်းကို သေချာဖတ်ဖို့ လိုသလို ဆေးဝါးပညာရှင်ရဲ့ ညွှန်ကြားချက်ကိုလည်း သေချာ လိုက်နာဖို့ လိုပါတယ်။
နှာခေါင်းပိုက်မှ တဆင့် အစာ၊ ဆေး ထည့်ရတဲ့အခါမှာ နည်းလမ်းမှန်မှန်နဲ့ ဂရုတစိုက်နဲ့ ပြုလုပ်ဖို့ လိုသလို ရောဂါပိုးမဝင်စေဖို့ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ လက်ကို သန့်ရှင်းစွာ ကိုင်တွယ်ဆေးကြောဖို့ အရေးကြီးကြောင်း ဗဟုသုတ အနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)